Posts

Showing posts from October, 2014

အဇ္ဈတ္တဗဟိဒ္ဓ၂ပါး၏သီတဥဏှ

ကမ္မဇဥတု၌ အဇ္ဈတ္တသန္တာန်တွင် အကုသိုလ်ကံကြောင့်ဖြစ်သောဥတုသည် လေးသော ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ကုသိုလ်ကံကြောင့်ဖြစ်သောဥတုသည် ပေါ့သောလဟုသဘောရှိသောကြောင့် ဥဏှဥတုမည်၏။ **စိတ္တဇဥတု၌ စိုးရိမ်ပူဆွေးခြင်း နှလုံးမသာယာခြင်း ကြောက်လန့်ခြင်းစသော ဆုတ်နစ်သောဒေါသ ဒေါမနဿဝေဒနာအစရျှိသာစေတသိက်တို့နှင့် ယှဉ်သောစိတ် ကြောင့်ဖြစ်သောဥတုသည် လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ထက်မြက်သောဒေါသ လောဘ မာန တက်ကြွသောဝိရိယ ပီတိ သောမနဿဝေဒနာ လဟုတာ မုဒုတာ ကမ္မညတာ သဒ္ဓါအစရှိသော စေတသိက်တို့နှင့်ယှဉ်သောစိတ်ကြောင့် ဖြစ်သောဥတုသည် လဟုသဘောရှိသောကြောင့် ဥဏှဥတုမည်၏။ **ဥတုဇဥတု၌ ဗဟိဒ္ဓသန္တာန်မှာ ဆီးနှင်း မြူ တိမ် မိုးရေ လေအေးဟုဆိုအပ်သော ဥတုသည်၎င်း အဇ္ဈတ္တသန္တာန်မှာ ဤဥတုကြောင့်ဖြစ်သော ဥတုဇကလာပ်၌ရှိသော ဥတုသည်၎င်း လေးသောဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ ***ဗဟိဒ္ဓသန္တာန်၌ နေရှိန်မီးရှိန်စသောဥတုသည်၎င်း အဇ္ဈတ္တသန္တာန်၌ နေရှိန်မီးရှိန်စသည်ဖြင့်ဖြစ်သော ဥတုဇကလာပ်၌ရှိသော ဥတုသည်၎င်း လဟု သဘောရှိသောကြောင့် ဥဏှဥတုမည်၏။ ဗဟိဒ္ဓသန္တာန်၌ အေးသောဆေးအစာ အာဟာရ၌ရှိသောဥတုသည်၎င်း အဇ္ဈတ္တသန္တာန်၌ အေးသောဆေးအာဟာရ ကြောင့်ဖြစ်သောဥတုသည်၎င်း ဂရုသဘောရှိသောကြောင့် သီတဥတုမည်၏။ *****ဗဟိဒ...

ဗဟိဒ္ဓဥတု

ဗဟိဒ္ဓသန္တာန်မှာ ဆီးနှင်း မြူတိမ် မိုးရေ လေနေမီးအစရှိသော သုဒ္ဓဋ္ဌကကလာပ်၌ရှိသော အချမ်းအပူဟုဆိုအပ်သော ဗဟိဒ္ဓ တေဇောဓာတ်သည် အဇ္ဈတ္တသန္တာန်၌ ရုပ်တို့၏လေးလံထိုင်းမှိုင်း ခြင်း ပေါ့ပါးလျင်မြန်ခြင်း စသည်တို့ကို ဖြစ်ပွားစေနိုင်သောကြောင့် ၎င်း ဗဟိဒ္ဓသန္တာန်၌ ဆီးနှင်းများခြင်း ခဲခြင်း တိမ်တောင်တိမ်ခဲများ ခြင်း မိုးရွာခြင်း ရေအေးခြင်း လေအေးခြင်း မျိုးစေ့ပေါက်ခြင်း သစ်ပင် စိမ်းစိုခြင်း တောတောင်စိမ်းညိုခြင်း အပူရှိန်တိုးခြင်း ရေပူခြင်း လေပူ ခြင်း ခြောက်သွေ့ခြင်း အစရှိသော ဥတုဇရုပ် ဥတုပစ္စယဥတုဇရုပ် တို့ကို ဖြစ်ပွားစေနိုင်သောကြောင့်၎င်း ဗဟိဒ္ဓဥတုမည်၏။ ဗဟိဒ္ဓသန္တာန်မှာ အေးသောဆေးအစာအာဟာရ ပူသောဆေးအ စာအာဟာရ၌ ရှိသော သီတတေဇောဓာတ်ဥဏှတေဇောဓာတ်၂ပါး သည် အဇ္ဈတ္တသန္တာန်၍သာ ရုပ်တို့၏ လေးလံထိုင်းမှိုင်းခြင်း ပေါ့ပါး လျင်မြန်ခြင်းအစရှိသော ဥတုဇရုပ်ကို ဖြစ်ပွားစေနိုင်သောကြောင့် ဗဟိဒ္ဓဥတုမည်၏။ ***အထူးကား ဗဟိဒ္ဓါဟာရ၌ ရှိသော ဥတုသည်၎င်း အဇ္ဈတ္တဥတု သည်၎င်း ဗဟိဒ္ဓသန္တာန်၌ ဥတုဇရုပ်ကို မဖြစ်ပွားစေနိုင်ဟုမှတ်အပ် ၏။

အဇ္ဈတ္တဥတု

ဆဆိုအပ်ပြီးသောဥတုသည် အဇ္ဈတ္တဥတု ဗဟိဒ္ဓဥတုဟူ၍၂ပါးရှိ၏။ ထိုတွင် ကမ္မဇကလာပ် ၌ရှိသော အချမ်းအပူဟုဆိုအပ်သော ကမ္မဇတေဇောဓာတ်၂ပါးသည်၎င်း စိတ္တဇကလာပ် ၌ရှိသော အချမ်းအပူဟုဆိုအပ်သော စိတ္တဇတေဇောဓာတ်၂ပါးသည်၎င်း ဥတုဇကလာပ် ၌ရှိသော အချမ်းအပူဟုဆိုအပ်သော ဥတုဇတေဇောဓာတ်၂ပါးသည်၎င်း အာဟာရဇ ကလာပ်၌ရှိသော အချမ်းအပူဟုဆိုအပ်သော အာဟာရဇတေဇောဓာတ်၂ပါးသည်၎င်း ဤတေဇောဓာတ်၈ပါးသည် အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၌ စတုဇရုပ်ကို ဖြစ်ပွားစေတတ်သော ကြောင့် အဇ္ဈတ္တဥတုမည်၏။ ******အဇ္ဈတ္တသန္တာန်၌ ရုပ်ဖြစ်ပွားပုံမှာ ကမ္မဇသီတတေဇောဓာတ်သည်၎င်း စိတ္တဇသီတတေဇောဓာတ်သည်၎င်း ဥတုဇသီတတေဇောဓာတ်သည်၎င်း အာဟာရဇ သီတတေဇောဓာတ်သည်၎င်း ရုပ်တို့၏ လေးလံခြင်းကို ဖြစ်ပွားစေနိုင်၏။ ကမ္မဇဥဏှတေဇောဓာတ်သည်၎င်း စိတ္တဇဥဏှတေဇောဓာတ်သည်၎င်း ဥတဇဥဏှ တေဇောဓာတ်သည်၎င်း အာဟာရဇဥဏှတေဇောဓာတ်သည်၎င်း ရုပ်တို့၏ပေါ့ပါးလျင် မြန်ခြင်းကို ဖြစ်ပွားစေနိုင်၏။ ******ဗဟိဒ္ဓသန္တာန်၌ ရုပ်ကိုဖြစ်ပွားပုံမှာ ကမ္မဇတေဇောဓာတ်သည် လူတို့၏ အဝတ်တန်းဆာ စကြ်ာမင်းတို့၏ စကြာရတနာစသော ၇ပါးသောရတနာ နတ်လူတို့ ၏ ဥယျာဉ် ဗိမာန်ပဒေသာပင်အစရှိသော ကမ္မပစ္စယဥတုဇရုပ်ကိုဖြစ်ပွားစေနိုင်၏။ စိတ္တဇတေဇောဓာတ်သည် ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ် ဣဒ္ဓိမန္တပုဂ္ဂိုလ်တို့သည် ဖန်ဆင်းအပ်သော ဆင်ရုပ်မြင်းရုပ်ရဟန်...

ဥတုကဏ္ဍ

ဥ**ဥဒတိ ပသဝတီတိ ဥတု။ ယာ ဓာတု-အပူအအေးဟုဆိုအပ်သော အကြင်တေဇော ဓာတ်သည်။ ရူပံ-ဥတုဇရုပ်ကို။ ဥဒတိ ပသဝတီတိ-ဖြစ်ပွားတိုးတက်စေတတ်၏။ ဣတိ-ထို့ကြောင့်။ သာ ဓာတု- အပူအအေးဟုဆိုအပ်သော ထိုတေဇောဓာတ်သည်။ ဥတု-ဥတုမည်၏။ ဤဝိဂြိုဟ်နှင့်အညီ အဇ္ဈတ္တဗဟိဒ္ဓသန္တာန်၂ပါး၌ရှိသော သီတတေဇော ဥဏှတေဇော၂ပါးသည် ဥတုဇရုပ်ကို ဖြစ်ပွားစေတတ်သောကြောင့် ဥတုမည်၏။ ထို့ကြောင့် သီတေနာပိ ရုပ္ပတိ ဥဏှေနာပိ ရုပ္ပတိ ဟုဟောတောမူ၏။ ဤပါဠိတော်အရ သီတတေဇောကြောင့် ဂရုသဘောရှိသော ဥတုဇရုပ်ဖြစ်ပွားရ၏။ ဥဏှတေဇောကြောင့် လဟုသဘောရှိသော ဥတုဇရုပ်ဖြစ်ပွားရ၏။ ဂရုသဘောရှိသောရုပ်သည် ဥဏှတေဇောနှင့် တွေ့ထိပြန်လျှင် ဂရုသဘောမှ ဖေါက်ပြန်၍ လဟုသဘောဖြစ်ပွားရ၏။ လဟုသဘော ရှိသောရုပ်သည်လည်း သီတတေဇောနှင့်တွေ့ထိပြန်လျှင် လဟုသဘောမှဖေါက်ပြန်၍ ဂရုသဘောဖြစ်ပွားရ၏။ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ရှိရောဂါဖြစ်ပွားနေသော ရုပ်ကလာပ်တို့သည် ဗဟိဒ္ဓသန္တာန်မှပေးသွင်းသော အပူအအေးဓာတ်ပါသော ဆေးအစာ တို့နှင့် ဝိရောဓိ(ဆန့်ကျင်ဘက်)ဖြစ်မှ ရောဂါပျောက်နိုင်၏။

သမားလုပ်သူ သတိမူ

သီသီတနာ၏ လေးလံခြင်းစသော သီတလက္ခဏာသည်၎င်း ဥဏှနာ၏ ပေါပါးခြင်းစသော ဥဏှလက္ခဏာသည်၎င်း ဝေဒနာ၏ လက္ခဏာမည်၏။ သီတလက္ခဏာရှိသော သီတနာကို ဖျက်ဆီးနိုင်သော ဥဏှဆေး ဥဏှအစာအာဟာရ သည်၎င်း ဥဏှလက္ခဏာရှိသောဥဏှနာကို ဖျက်ဆီးနိုင်သော သီတဆေး သီတအစာ အာဟာရသည်၎င်း ဝေဒနာ၏ရသမည်၏။ ဥဏှဆေးဥဏှအစာအာဟာရကိုပေးနိုင်သော ဥဏှဥတုသည်၎င်း သီတဆေး သီတ အစာအာဟာရကိုပေးနိုင်သော သီတဥတုသည်၎င်း ဝေဒနာ၏ ရှေးရှုကျရောက်သော ပစ္စုပဋ္ဌာန်မည်၏။ သွေး သလိပ် သည်းခြေ လေ အပုပ် ဟူ၍ တစ်ရက်မှာ ၅ပိုင်းရှိရာ သွေးကိုပေါ်စေ များစေလိုလျှင် သွေးချိန်၌ ဆေး ဓာတ်စာတို့ကို ပေးရခြင်းသည်၎င်း သလိပ် သည်းခြေစသည်တို့ကို ပေါ်စေ များစေလိုလျှင် သလိပ်ချိန် သည်းခြေချိန် စသည်တို့၌ ဆေးဓာတ်စာတို့ကို တိုက်ကျွေးရခြင်းသည်၎င်း ဝေဒနာပျေက်ကင်းခြင်း ၏ နီးစွာသော အကြောင်း ပဒဋ္ဌာန်မည်၏* ****ဝေဒနာကဏ္ဍပြီး၏***ဥတုကဏ္ဍဆက်မည်***

တက်နာ သက်နာထူးပုံ

သွေးတက်ဆိုသည်ကား အာပေါပထဝီဓာတ်၏ အာဗန္ဓနသတ္တိကြောင့် တောဇော ဝါယော ယုတ်လျော့၍ သွေးစသော အာပေါဓာတ်၁၂ပါးတို့၏ ပြစ်မှု ခဲမှုကိုဆိုသည်။ လေတက်ဆိုသည်ကား ဗဟိဒ္ဓအာပေါဓာတ်၏ အာဗန္ဓနသတ္တိကြောင့် အဇ္ဈတ္တသန္တာန်၌ တေဇောဝါယောလွန်ခြင်းကိုဆိုသည်။ သွေးသက်ဆိုသည်ကား သီတတေဇောလွန်ကဲ၍ ဥဏှပထဝီ ဥဏှဝါယော ပျက်ခြင်းကြောင့် သွေးစသောအာပေါဓာတ်တို့ကို ဥဏှဝါယော ဓာတ်ကမထိန်းသိမ်းနိုင် မစောင့်ရှောက်နိုင်သဖြင့် ယိုစီး၍ကျမှုကိုဆိုသည်။ လေသက်ဆိုသည်ကား အာပေါဓာတ်၏ အာဗန္ဓနသတ္တိကြောင့် တေဇောဝါယောဓာတ်တို့ တစ်ကိုယ်လုံးသို့ မပျံ့နှံ့ပဲ အကျဉ်းမိခြင်း ငုပ်ခြင်းကြောင့် သွေးစသော အာပေါဓာတ်တို့ အား ဝါယောဓာတ်က တွန်းကန်၍ မှုတ်ထုတ်မှုကိုဆိုသည်။

သက်နာ

သသက်နာသည် သွေးသက်နာ လေသက်နာဟူ၍၂ပါးရှိ၏။ ထိုတွင် သီတတေဇောဓာတ် လွန်၍ ဥဏှပထဝီဥဏှဝါယောဓာတ်ပျက်ခြင်းကြောင့် သွေးစသော အာပေါဓာတ်တို့ကို ဝါယောဓာတ်မထိမ်းနိုင် မစောင့်ရှောက်နိုင်ပဲ အစာမကြေခြင်း ဝမ်းကိုက်ခြင်း ဝမ်းသက် ခြင်း ဝမ်းပျက်ခြင်း ဝမ်းရောဂါဖြစ်ခြင်း သွေးဝမ်းသွားခြင်း ပိတ်ဝမ်းသွားခြင်း ရိဖြူကျခြင်း ရိနီကျခြင်း လိပ်ခေါင်းထွက်ခြင်း မီးယပ်သွေးလွန်ခြင်း ဆီးလွန်ခြင်း ကြွက်တက်ခြင်း စသည်ဖြင့် ဖြစ်ပေါ်သောအနာသည် သွေးသက်နာမည်၏။ ***လေသက်နာ*** သန္တာန်၂ပါး၌ အာပေါဓာတ် လလွန်၍ တေဇောဝါယောဓာတ်ငုပ်ခြင်းကြောင့် ဖျားခြင်း ငန်းဖမ်းခြင်း သတိလစ်ခြင်း မေ့လျော့ခြင်း နောက်ကျောတက်ခြင်း ကိုယ်ရောင်ခြင်း လေနာထခြင်း ရင်ဘတ်နာခြင်း ဝမ်းဖေါဝမ်းရောင်ခြင်း မြင်းသရိုက်နာဖြစ်ခြင်း သွေးအံခြင်း ရူးသွပ်ခြင်း ဝက်ရူးပေါ်ခြင်း ကြက်ရူးပေါ်ခြင်း ထိပ်ကပ်နာဖြစ်ခြင်း မူးဝေခြင်း နားထိုင်းခြင်း မျက်စိမှုန်ခြင်း မျက်ခမ်းစပ် ခြင်း သွားနာခြင်း သွားပြည်ယိုခြင်း ချောင်းဆိုးသွေးပါဖြစ်ခြင်း အနာပေါက်ခြင်း စသည်ဖြင့်ဖြစ်ပေါ်သောအနာသည် လေသက်နာမည်၏။

တက်နာ

တက်နာသည် သွေးတက်နာ လေတက်နာဟူ၍၂ပါးရှိ၏။ ထိုတွင် သန္တာန်၂ပါး၌ အာပေါ ပထဝီဓာတ်လွန်၍ ဥဏှတေဇာ ဝါယောဓာတ်ယုတ်လျော့ပြီးလျှင် သွေးသလိပ်စသော အာပေါဓာတ်၁၂ပါးတို့၏ ပြစ်ခဲခြင်းကြောင့် နူနာဖြစ်ခြင်း ကာလသားနာဖြစ်ခြင်း ထုန်ကျင်ခြင်း မီးယပ်ကွက်ခြင်း ဒူလာကွက်ခြင်း မီးယပ်ကျိုးခြင်း ဒူလာကျိုးခြင်း မီးယပ်ပိန်မီးယပ်ခြောက် မြင်းသရိုက်နာ သလိပ်နာ ပန်းနာ သွေးငုပ်နာ လေပြတ်နာ သွက္ချာပါဒနာ သိမ့်မွေ့စွာရူး သွပ်ခြင်း ဆီးချုပ်ခြင်း ကျောက်တည်ခြင်း ဝမ်းထဲ၌အခဲပေါ်ခြင်း စသည်ဖြင့် ဖြစ်ပေါ်သော အနာသည် သွေးတက်နာမည်၏။ ***လေတက်နာ*** ဗဟိဒ္ဓသန္တာန်၌ အာပေါဓာတ် လွန်စွာပတ်ဖွဲ့၍ အဇ္ဈတ္တသန္တာန်၌ ဥဏှတေဇောဝါယောလွန်ခြင်းကြောင့် မျက်နာဖေါခြင်း ကြို့ထိုးခြင်း ခေါင်းကိုက်ခြင်း ခေါင်းကျိန်းခြင်း စပ်ပူစပ်လောင်နေခြင်း နှာခေါင်းသွေးထွက်ခြင်း မူးဝေခြင်း မျက်စိနာခြင်း မျက်စိကျိန်းခြင်း နားလေထွက်ခြင်း ရင်ပူခြင်း နှလုံးတုန်ခြင်း ရင်ခုန်ခြင်းစသည်ဖြင့် ဖြစ်ပေါ်သောအနာသည် လေတက်နာမည်၏။

လေသန္နိပါတ်ငန်းနာ

လေချိန်၌ ဖျားသောသူအား ထိုလေချိန်နှင့် အပုပ်ချိန်၂ပါးမှာ အဖျားမကျပဲ သွေးချိန်သို့ ရောက်အောင် အချိန်၃ပါးဆက်ဆံ၍ဖျါးခြင်း လေ သလိပ် သည်းခြေ ဤဝါယော အာပေါ ဓာတ်၂ပါး၏ ရွှေ ဝါ စိမ်းသော အရောင်အဆင်းလက္ခဏာထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း မငြိမ်မသက်လှုပ်ရှားခြင်း ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း ထပြေးခြင်း ချောင်းဆိုးခြင်း သလိပ်များခြင်း သတိလစ်ခြင်း ဂယောင်ဂတန်းပြောခြင်း အေးတုံတစ်ခါ ပူတုံတစ်လှဲ့ရှိခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခ ဏာထင်သောအနာသည် လေသန္နိပါတ်ငန်းနာမည်၏

ဝါတပိတ္တဒွေဝဏ်ငန်းနာ

လေချိန်၌ဖျားသောသူအား ထိုလေချိန်မှာ အဖျားမကျပဲ အပုပ်ချိန်သို့ရောက်အောင် အချိန်၂ပါးဆက်ဆံ၍ဖျားခြင်း လေသည်းခြေဟုဆိုအပ်သော ဝါယောအာပေါဓာတ်၂ပါး၏ ရွှေစိမ်းသော အရောင်အဆင်းလက္ခဏာထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း မငြိမ်မသက်လှုပ်ရှားခြင်း ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း ထပြေခြင်း ဂယောင်ဂတန်းပြောဆိုခြင်း အေးတုံတစ်ခါ ပူတုံတစ်လှဲ့ရှိခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သောအနာသည် ဝါတပိတ္တဒွေဝဏ်ငန်းနာမည်၏။

ဝါတသေမှဒွေဝဏ်ငန်းနာ

ပဋိပက္ခဖြစ်သော သလိပ် သည်းခြေ လေ ဤဓာတ်၃ပါးတို့တွင် လေနှင့်သလိပ် ဖြစ်စေ လေနှင့်သည်းခြေဖြစ်စေ ၃ပါးလုံးဖြစ်စေ တစ်ပြိုင်နက်စုဝေးကျရောက်သော ငန်းနာသည် လေငန်းနာမည်၏။ ထိုလေငန်းနာသည်လည်း ဒွေဝဏ်ငန်းနာ သန္နိပါတ် ငန်းနာဟူ၍ ၂ပါးရှိ၏။ ထိုတွင် ဒွေဝဏ်ငန်းနာသည်လည်း လေ သလိပ်၂ပါး အဆင်း လက္ခဏာအကျိုးထင်သော ဝါတသေမှဒွေဝဏ်ငန်းနာ လေသည်းခြေ၂ပါး အဆင်း လက္ခဏာအကျိုးထင်သော ဝါတပိတ္တဒွေဝဏ်ငန်းနာဟူ၍၂ပါးရှိ၏။ ထိုတွင် လေချိန်၌ဖျား သောသူအား ထိုလေချိန်မှာ အဖျားမကျပဲ အပုပ်ချိန်သို့ရောက်အောင် အချိန်၂ပါးဆက်ဆံ၍ ဖျားခြင်း လေ သလိပ်ဟုဆိုအပ်သော ဝါယောအာပေါဓာတ်၂ပါး၏ ရွှေဝါသော အရောင် အဆင်းလက္ခဏာ ထင်ခြင်း ကြွက်တက်ခြင်း နားလေထွက်ခြင်း မငြိမ်မသက်လှုပ်ရှားခြင်း ပျို့အံခြင်း ကိုယ်အင်္ဂါကြီးငယ်၌ လေထိုးခြင်း ချောင်းဆိုးခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် ဝါတသေမှဒွေဝဏ်ငန်းနာ မည်၏။

သွေးသန္နိပါတ်ငန်းနာ

သံ သုဋ္ဌု သမာဂမ္မ ဝါ နိပတန္တိ ဧတ္ထာတိ သန္နိပါတော။ ဧတ္ထ-ဤအနာ၌။ ဓာတုယော-သွေး သည်းခြေ သလိပ်ဟုဆိုအပ်သော မလဓာတ်တို့သည်။ သံ သုဋ္ဌု-ကောင်းစွာ။ ဝါ-တစ်နည်းကား။ သမာဂမ္မ-တစ်ပေါင်းတည်းအနေဖြင့် စုဝေးပေါင်းဆုံ၍။ နိပတန္တိ-ကျရောက်တတ်ကုန်၏။ဣတိ-ထို့ကြောင့်။ သန္နိပါတော-သန္နိပါတ်မည်၏။ ဤဝစနတ္ထနှင့်အညီ သွေး သလိပ် သည်းခြေ ဟုဆိုပ်သော အချိန်၃ပါးတို့တွင် တစ်ပါးပါးသောအချိန်၌ ဖျားသောသူအား အချိန် ၂ပါးမှာ အဖျားမကျပဲ အချိန်၃ပါးဆက်ဆံ၍ ပြင်းစွာဖျားခြင်း သွေး သလိပ် သည်းခြေ ဤအာပေါဓာတ်၃ပါးတို့၏ တစ်ပြိုင်နက်စုဝေးကျရောက်ခြင်း ထိုဓာတ်၃ပါးတို့၏ နီ ဝါ စိမ်းသောအရောင်အဆင်းလက္ခဏာထင်ခြင်း ကိုယ်အင်္ဂါလေးလံတောင့်တင်း ကိုက်ခဲခြင်း မေးခိုင်ခြင်း သတိလစ်ခြင်း စကားမပြောခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် သွေးသန္နိပါတ်ငန်းနာ မည်၏။

သေမှပိတ္တဒွေဝဏ်ငန်းနာ

သလိပ်ချိန်၌ ဖျားသောသူအား ထိုသလိပ်ချိန်မှာ အဖျားမကျပဲ သည်းခြေချိန်သို့ ရောက်အောင် အချိန်၂ပါးဆက်ဆံ၍ဖျားခြင်း သလိပ်သည်းခြေအာပေါဓာတ်၂ပါး တို့၏ စိမ်း ဝါသော အရောင်အဆင်းထင်ခြင်း ကိုယ်အင်္ဂါလေးလံတောင့်တင်းကိုက် ခဲခြင်း စကားချွတ်ယွင်းခြင်း ရင်ကျပ်ခြင်း ဤလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် သေမှပိတ္တဒွေဝဏ်ငန်းနာမည်၏။

လောဟိတသေမှ ဒွေဝဏ်ငန်းနာ

သွေးချိန်၌ ဖျားသောသူအား ထိုသွေးချိန်မှာ အဖျားမကျပဲ သလိပ်ချိန်သို့ ရောက်အောင် အချိန်၂ပါး ဆက်ဆံ၍ဖျားခြင်း သွေးသလိပ်အာပေါဓာတ် ၂ပါးတို့၏ နီ ဝါသော အရောင်အဆင်းထင်ခြင်း ကိုယ်အင်္ဂါလေးလံတောင့် တင်းကိုက်ခဲခြင်း ရင်ကျပ်ခြင်း သလိပ်များခြင်း ဤလက္ခဏာတို့တွင် ၂ပါး ၃ပါးစသည်ဖြင့် အကျိုးလက္ခဏာထင်သောအနာသည် လောဟိတသေမှ ဒွေဝဏ်ငန်းနာမည်၏။

ဒွေဝဏ်ငန်းနာ

ထိုငန်းနာသည် သွေးငန်း လေငန်းဟူ၍၂ပါးရှိ၏။ ထိုတွင် သဘာဂဖြစ်သော သွေး သလိပ် သည်းခြေ ဤအာပေါဓာတ်၃ပါးတွင် ၂ပါးဖြစ်စေ ၃ပါးဖြစ်စေ တစ်ပေါင်းတည်း စုဝေးကျရောက်တတ်သော ငန်းနာသည် သွေးငန်းနာမည်၏။ ထိုသွေးငန်းနာသည် ဒွေဝဏ်ငန်းနာ သန္နိပါတ်ငန်းနာဟူ၍၂ပါးရှိ၏။ ဒွေ ဝဏ္ဏာ ယဿာတိ ဒွိဝဏ္ဏော။ ယဿ-အကြင်ငန်းနာ၏။ ဝဏ္ဏာ-အ ဆင်းတို့သည်။ဒွေ-၂ပါးတို့တည်း။ဣတိ-ထို့ကြောင့်။ သော-ထိုငန်းနာ သည်။ဒွိဝဏ္ဏော- ဒွေဝဏ်မည်၏။ ဤဝစနတ္ထနှင့်အညီ ဒွေဝဏ်ငန်းနာ သည် သွေးသလိပ်၂ပါး အဆင်းလက္ခဏာ အကျိုးထင်သော လောဟိတသေမှ ဒွေဝဏ်ငန်းနာ သလိပ်သည်းခြေ၂ပါး အဆင်းလက္ခဏာ အကျိုးထင်သော သေမှပိတ္တဒွေဝဏ်ငန်းနာဟူ၍ ၂ပါးရှိ၏။

ငန်းနာမည်ပုံ

ငန်းဟူသောအမည်သည် ပါဠိပျက်အမည်မဟုတ်။ မြန်မာဘာသာဖြင့် ခေါ်ဆိုအပ်သော အမည်ဖြစ်သော်လည်း လောကူပမာအားဖြင့် ခေါ်အပ်သော အမည်သာဖြစ်၏။ လောက၌ ငန်းပြောက် ငန်းကျား စသော မြွေတို့၏အဆိပ်သည် အလွန်ပြင်းထန်၍ ထိုမြွေကိုက်သောသူများမှာ တစ်ကိုယ်လုံးကို ကြိုးဖြင့်တင်းကျပ်စွာ တုပ်ထားသည့်အလား အဆိပ်မွှန် ပြီး စကားမပြော စကားမမှန်ပဲ ရှိသကဲ့သို့ သွေး သလိပ် သည်းခြေ လေ ဤဓာတ်၎ပါးတို့တွင် ၂ပါးဖြစ်စေ ၃ပါးဖြစ်စေ တစ်ပြိုင်နက် စုဝေးကျရောက် သောသူတို့မှာလည်း တစ်ကိုယ်လုံး မီးကဲ့သို့ ပူခြင်း ကိုယ်အင်္ဂါလေးလံ တောင့်တင်းကိုက်ခဲခြင်း စကားမမှန်ခြင်း စကားမပြောခြင်း သတိလစ်ခြင်း ရင်ကျပ်ခြင်း စသောအကျိုးလက္ခဏာထင်သော အနာသည် ငန်းနာမည်၏။ **ဓာတ်သဘောအားဖြင့် ဆိုသော် အာပေါပထဝီလွန်၍ တေဇောဝါယောငုပ်သောကြောင့် ဓာတ်ငုပ်နာမည်၏။

ဓာတ်ငုပ်နာ

ဓာတ်၎ပါးတို့သည် တစ်ပါးနှင့်တစ်ပါး မယုတ်မလွန် ညီညွတ်၍ သမဘာဂဖြစ်နေခိုက်မှာသာ သတ္တဝါတို့ ကျန်းမာခြင်းရှိကြကုန်၏။ တစ်ခါတစ်ရံ အဇ္ဈတ္တသန္တာန်၌ တေဇောဝါယော၂ပါးသည် ဗဟိဒ္ဓသန္တာန်မှာ နေမင်းတည်းဟူသော ဥဏှဥတုနှင့် သမဘာဂဖြစ်ခိုက် လွန်ကဲသော ဥတုဇအာဟာရဇသီတအာပေါ သီတဝါယောတို့နှင့်တွေ့ဆုံကြုံကြိုက် သောအခါ အေးဖွဲ့သော အာပေါပဋိပက္ခဓာတ်ကို ကြောက်၍ တေဇော ဝါယောဓာတ် တစ်ကိုယ်လုံးသို့ မပျံ့နှံ့ပဲ ဝတ်နေခြင်း စုနေခြင်း အကျဉ်းမိ ခြင်းကြောင့် ကိုယ်အင်္ဂါအသံလေးလံ တောင့်တင်း ကိုက်ခဲခြင်း အသား အရေ မျက်စိနီဝါခြင်း ချွေးမထွက်ခြင်း သို့မဟုတ် ချွေးစေးထွက်ခြင်း ကိုယ်ရေပူခြင်း စသော အာပေါဓာတ်၏ အာဗန္ဓနလက္ခဏာ အကျိုးထင် သော အနာသည် ဓာတ်ငုပ်နာမည်၏။

ဓာတ်ယုတ်နာ

သန္တာန်၂ပါး၌ ဥတုဇသီတအာပေါ အာဟာရဇသီတအာပေါ၂ပါးပတ်ဖွဲ့မှု ကြောင့် ဥတုဇသီတပထဝီ အာဟာရဇသီတပထဝီ၂ပါးကဲလွန်ပြီး အဇ္ဈတ္တ အတွင်း၌ တေဇော ဝါယော၂ပါးယုတ်လျော့အားနည်းကာ ကိုယ်အင်္ဂါ အသံ လေးလံတောင့်တင်းကိုက်ခဲခြင်း အသားအရေ မျက်စိမဲနက်နီမြန်း ခြင်း ခြေဖျားအေး၍ ချွေးမထွက်ခြင်း သို့မဟုတ် ချွေးစေးထွက်ခြင်း စကား မပြောပဲထိုင်းမှိုင်း၍နေခြင်း ကြောက်ရွံ့ထိတ်လန့်ခြင်း ဥဒ္ဓင်္ဂမလေများခြင်း စသော သီတပထဝီ သီတဝါယောဓာတ်လက္ခဏာအကျိုးထင်သောအ နာသည် ဓာတ်ယုတ်နာမည်၏။

ဓာတ်လွန်နာ

အနာသည် ဓာတ်လွန်နာ ဓာတ်ယုတ်နာ ဓာတ်ငုပ်နာဟူ၍၃ပါးရှိ၏။ ထိုတွင် ဗဟိဒ္ဓသန္တာန်၌ သီတဥတုနှင့် တွေ့ကြုံခိုက် ဥတုဇသီတအာပေါ ဓာတ်ပတ်ဖွဲ့မှုကြောင့် သီတပထဝီလွန်ကဲပြီး တေဇောဝါယော၂ပါး မြောက်မြားအားကြီးသဖြင့် ကိုယ်အင်္ဂါ အသံ လှုပ်ရှားပေါ့ပါးကြည်လင်ခြင်း အသားအရေ မျက်စိ ဖြူခြင်း ခြေဖျားပူခြင်း(သို့မဟုတ်)အထက်ပိုင်းချွေးများ စွာထွက်ခြင်း ကြမ်းထန်းခြင်း စသော ဥဏှလက္ခဏာအကျိုးထင်သော အနာသည် ဓာတ်လွန်နာမည်၏။

အဇ္ဈတ္တ ဗဟိဒ္ဓ အလွန်အပျက်

အနာ၆ပါး၌ ပြခဲ့သော အဇ္ဈတ္တလွန် ဗဟိဒ္ဓလွန် အဇ္ဈတ္တပျက် ဗဟိဒ္ဓပျက် ၄ပါးတို့တွင် အဇ္ဈတ္တလွန်ဆိုသည်ကား ဓာတ်ချုပ်ခြင်း လေချုပ်ခြင်း ဆီးချုပ်ခြင်း ရင်ခံခြင်း ဤ၄ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ချုပ်မှု ဖွဲ့မှုကိုဆိုသည်။ ဗဟိဒ္ဓလွန်ဆိုသည်ကား အလွန်အေးသော သီတဥတုနှင့် တွေ့ကြုံခြင်းကြောင့် ချွေး အဆီ အစေး မျက်ရေ နှပ် တံတွေး ဤ၆ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ဖွဲ့မှု ခြောက်မှုကိုဆိုသည်။ အဇ္ဈတ္တပျက်ဆိုသည်ကား ဓာတ်ပျက်ခြင်း ဆီးခဏခဏသွားခြင်း လေသွားလျှင်ဓာတ်ပါခြင်း ဤ၃ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ပျက်မှုကို ဆိုသည်။ ***မှတ်ရန် အဇ္ဈတ္တလွန်သောအခါ ဆေး အစာကျွေး၍ ပျက်ခြင်းကို ဆိုသည်မဟုတ်။ ဗဟိဒ္ဓပျက်ဆိုသည်ကား အလိုအလျောက် ချွေးများစွာထွက်ခြင်း အဆီအစေးများစွာထွက်ခြင်း မျက်ရေယိုခြင်း နှာရေယိုခြင်း တံထွေးများခြင်း ဤ၆ပါးတို့တွင် ၁ပါး၂ပါးစသည်ဖြင့် ပျက်ခြင်းကိုဆိုသည်။ ***မှတ်ရန် ဗဟိဒ္ဓလွန်နေသောအခါ ဆေးအစာကျွေး၍ ချွေးထွက်ခြင်း စသည်ဖြင့်ပျက်ခြင်းကိုဆိုသည်မဟုတ်။ ဆေးအစာကျွေး၍ပျက်ခြင်းမှာ လွန်သောဓာတ်ကို ဖျက်ပေးသဖြင့် ရောဂါပျောက်ခြင်းအပျက်မျိုးသာဖြစ်၏။ အဖြစ်အပျက်၂မျိုးကို အတိအကျသိရမည်။

ဥဏှတေဇောနာ

အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးပျက်၍ (၁)ကိုယ်အင်္ဂါ အသံ လှုပ်ရှားပေါ့ပါးကြည်လင် ခြင်း။ (၂)အသားအရေမျက်စိဖြူဖွေးကြည်လင်ခြင်း (၃)ခြေဖျားပူခြင်း (သို့မဟုတ်)အထက်ပိုင်းချွေးထွက်ခြင်း (၄)စကားပြောသွက်လက်ခြင်း (၅)အားမယုတ်ဘဲ အနည်းငယ်မောပန်းခြင်း။ ဤ၅ပါးလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် ဥဏှတေဇောဓာတ်သက်သက် အကျိုးထင်သော အနာသည် ဥဏှတေဇောနာမည်၏။ ***ပြဆိုခဲ့ပြီးသော အနာ၆ပါးတို့တွင် သီတနာ၃ပါးသည် အာဝါသိကဓာတ် သဘောရှိသောကြောင့် အာဝါသိကနာမည်၏။ အဗဒ္ဓသည်းခြေ လွန်သောကြောင့် အဗဒ္ဓသည်းခြေနာလည်းမည်၏။ အပူနာ၃ပါးသည် အာဂန္တုကဓာတ်သဘောရှိသောကြောင့် အာဂန္တုကနာမည်၏။ ဤအပူနာ၃ပါးသည် သွေး၃ရက် လေ၄ရက် သည်းခြေ၅ရက် ပေါင်းတေဇော၁၂ရက်လွန်မြောက်လျှင် ဆေးမတိုက် သော်လည်း အလိုအလျောက်ပျောက်ကင်းနိုင်၏။

ဥဏှဝါယောနာ

အဇ္ဈတ္တလွန်ဗဟိဒ္ဓပျက်(သို့မဟုတ်) အဇ္ဈတ္တပျက် ဗဟိဒ္ဓလွန်၍ (၁)ကိုယ်အင်္ဂါ အသံလှုပ်ရှား ပေါ့ပါး ကြည်လင်ခြင်း။ (၂) အသားအရေ မျက်စိ ဖြူဖွေးကြည်လင်ခြင်း။ (၃)ခြေဖျားပူခြင်း(သို့မဟုတ်)အထက်ပိုင်း ချွေးများစွာထွက်ခြင်း။(၄)ရင်ထဲ၌ပူလောင်ခြင်း။ (၅)မျက်နှာမှစ၍ဖေါရောင် ခြင်း။ ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် ဥဏှဝါယောဓာတ်၏ သမီရဏလက္ခဏာ အကျိုးထင်သောအနာသည် ဥဏှဝါယောနာမည်၏။

ဥဏှပထဝီနာ

အဇ္ဈတ္တဗဟိဒ္ဓ၂ပါးလွန်၍ (၁) ကိုယ်အင်္ဂါအသံလှုပ်ရှားပေါ့ပါးကြည်လင် ခြင်း။ (၂) အသားအရေ မျက်စိဖြူဖွေးကြည်လင်ခြင်း။ (၃) ခြေဖျားပူခြင်း။ (၄) စကားပြောသွက်လက်ခြင်း။ (၅)ကြမ်းတန်းခြင်း။ ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစစသည်ဖြင့် ဥဏှပထဝီဓာတ်၏ သုခုမလက္ခဏာ အကျိုးထင်သော အနာသည် ဥဏှပထဝီနာမည်၏။

သီတတေဇောနာ

အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးပျက်၍ (၁)ကိုယ်အင်္ဂါအသံလေးလံတောင့်တင်းကိုက် ခဲခြင်း (၂)ခြေဖျားအေး၍ ချွေးမထွက်ခြင်း (သို့မဟုတ်)ချွေးစေးထွက်ခြင်း (၃)အသားအရေမျက်စိနီခြင်း (၄)စကားမပြောဘဲထိုင်းမှိုင်း၍နေခြင်း (၅)အားယုတ်လျော့မောပန်းခြင်း။ ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါး စသည်ဖြင့် သီတတေဇောဓာတ်၏ သီတသက်သက်လက္ခဏာထင် သော အနာသည် သီတတေဇောနာမည်၏

သီတဝါယောနာ

အဇ္ဈတ္တလွန် ဗဟိဒ္ဓပျက် (သို့မဟုတ်)အဇ္ဈတ္တပျက် ဗဟိဒ္ဓလွန်၍ (၁)ကိုယ်အင်္ဂါ အသံ လေးလံတောင့်တင်း ကိုက်ခဲခြင်း (၂)ခြေဖျားအေး၍ ချွေးမထွက်ခြင်း(သို့မဟုတ်) ချွေးစေးထွက်ခြင်း (၃) အသားအရေ မျက်စိနီဝါခြင်း(၄)ဥဒ္ဓင်္ဂမလေများခြင်း (၅)ခြေဖျားမှစ၍ဖေါရောင်ခြင်း ဤ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါး စသည်ဖြင့် သီတဝါယောဓာတ်၏ ဝိတ္ထမ္ဘိတလက္ခဏာ အကျိုးထင်သော အနာသည် သီတဝါယောနာမည်၏။

အနာ၆ပါးဖြစ်ပုံကိုပြခြင်း

အနာသည် အကြောင်းဓာတ်ကိုစွဲ၍ အကျဉ်းအားဖြင့် ၂ပါးရှိသော်လည်း အကြောင်းဓာတ်နှင့် အကျိုးဓာတ် ရောစပ်၍ သီတပထဝီနာ သီတဝါယောနာ သီတတေဇောနာဟူ၍ အအေးနာ၃ပါး။ ဥဏှပထဝီနာ ဥဏှဝါယောနာ ဥဏှတေဇောနာဟူ၍ အပူနာ၃ပါး။ ပေါင်း၆ပါးရှိ၏။ (သီတပထဝီနာ) အဇ္ဈတ္တ ဗဟိဒ္ဓ၂ပါးလွန်၍ (၁)ကိုယ်အင်္ဂါ အသံလေးလံ တေင့်တင်း ကိုက်ခဲခြင်း။ (၂)အသားအရေ မျက်စိ မဲနက်နီမြန်းခြင်း။ (၃) ခြေဖျားအေး၍ ချွေးမထွက်ခြင်း(သို့မဟုတ်)ချွေးစေးထွက်ခြင်း (၄)စကားမပြောပဲ ထိုင်းမှိုင်း ၍နေခြင်း(၅)ကြောက်ရွံ့ထိတ်လန့်ခြင်း။ ဤ၅ပါးသော လက္ခဏာတို့တွင် ၂ပါး ၃ပါးစသည်ဖြင့် ပထဝီဓာတ်၏ ကက္ခဠလက္ခဏာအကျိုးထင်သော အနာသည် သီတပထဝီနာမည်၏။

အနာ၂ပါး

*ဝေဒနာကဏ္ဍ* အနာသည် သီတအကြောင်းကြောင့်ဖြစ်သော အအေးနာ။ ဥဏှအကြောင်းကြောင့်ဖြစ်သော အပူနာ ဟူ၍၂ပါးရှိ၏။ ထိုတွင် **သီတနာ** (၁)ကိုယ်အင်္ဂါ အသံ လေးလံတောင့်တင်းကိုက်ခဲခြင်း (၂)အသားအရေ မျက်စိ မဲနက်နီဝါခြင်း (၃)စကားမပြောပဲ ထိုင်းမှိုင်း၍နေခြင်း (၄)ခြေဖျားအေး၍ ချွေးမထွက်ခြင်း(သို့မဟုတ်)ချွေးစေးထွက်ခြင်း (၅)ကြောက်ရွံ့ထိတ်လန့်ခြင်း (၆)ဥဒ္ဓင်္ဂမလေများခြင်း (၇)ခြေဖျားမှစ၍ ဖေါရောင်ခြင်း (၈)အားယုတ်လျော့ မောပန်းခြင်း ဤ၈ပါးသောလက္ခဏာတို့တွင်၂ပါး၃ပါးစသည်ဖြင့်သီတလက္ဓဏာ အကျိုးထင်သောအနာသည်သီတနာမည်၏။ **ဥဏှနာ** (၁)ကိုယ်အင်္ဂါ အသံ လှုပ်ရှား ပေါ့ပါးကြည်လင်ခြင်း (၂)အသားအရေ မျက်စိ ဖြူဖွေးကြည်လင်ခြင်း (၃)ခြေဖျားပူခြင်း(သို့မဟုတ်)အထက်ပိုင်းချွေးများစွာထွက်ခြင်း (၄)စကားပြောသွက်လက်ခြင်း (၅)ကြမ်းထန်းခြင်း (၆)ရင်ထဲ၌ပူလောင်ခြင်း (၇)မျက်နှာမှစ၍ဖေါရောင်ခြင်း (၈)အားမယုတ်ဘဲ အနည်းငယ်မောပန်းခြင်း ဤ၈ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့်ဥဏှလက္ခဏာ အကျိုးထင်သောအနာသည် ဥဏှနာမည်၏။