သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

သီတဥတုလောင်ကျွမ်းခြင်းသည် ဗဟိဒ္ဓသန္တာန်မှာ မျက်မြင်အားဖြင့် သိမ်မွေ့နူးညံ့သောကြောင့် မထင်ရှားသော်လည်း အဇ္ဈတ္တသန္တာန်၌ ဥဏှ ဥတုလောင်ကျွမ်းသည်ထက် ပြင်းထန်လှ၏။ လောင်ကျွမ်းပုံ သိမ်မွေ့နူးညံ့ သောကြောင့် ဉာဏ်ဖြင့်အသိခက်၍ သီတဥတုလောင်ကျွမ်းသည်ကိုပင် ဥဏှဥတုလောင်ကျွမ်းသည်ဟုမှတ်ထင်ပြီး အေးသောဆေးအာဟာရကို ပေးတတ်ကြ၏။ သီတဥတုလောင်ကျွမ်းသောပုဂ္ဂိုလ်မှာ ကိုယ်အင်္ဂါကွဲအက်ခြင်း ကိုယ်အင်္ဂါမနာမကျင်ဆွေးမြေ့ပြီး အပိုင်းအပိုင်း တစ်စတစ်စ ပြတ်ကျခြင်း စသည်ဖြင့် ဂရုသဘောသို့ရောက်၍ သေကြေ ပျက်စီးကြရကုန်၏။ ဥပမာ လောကန္တရိက်ငရဲ၌ ကျရောက်သောသတ္တဝါတို့ သည် ထိုငရဲ၌ရှိသောရေ၏ အလွန်အေးသော သီတဥတုလောင် ကျွမ်းမှုကြောင့် ကိုယ်အင်္ဂါကြီးငယ် အပိုင်းအပိုင်းပြတ်ကြွေ၍ သေကြေ ပျက်စီးကြရကုန်၏။ ထို့အတူ လောက၌ အချို့သောသူတို့သည် အဇ္ဈတ္တ သန္တာန်၌ အာပေါဓာတ်၏ အာဗန္ဓနသတ္တိလွန်ကဲခြင်းကြောင့် ထုန်ကျင်ခြင်း ကိုယ်၌ အကွက်ကြီးငယ်ပေါ်ပေါက်ခြင်း စသော နူနာအမျိုးမျိုးပေါ်ပေါက် လာခဲ့ရာ အေးသောသီတဆေးအစာတို့ကို စားသောက်ပြန်သဖြင့် တစ်စတစ်စ သီတဥတုလွန်ကဲမှုကြောင့် ဆွေးမြေ့ပြတ်ကြွေ၍ သေကြေ ပျက်စီးကြရကုန်၏။ ထို့ကြောင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ တတ္ထ ဟိ သတ္တာ သီတေန ဘိန္နစ္ဆိန္နသရီရာ ဇီဝိတက္ခယမ္ပိ ပါပုဏန္တိ (၄)ဟုမိန့်တော်မူ၏။ ဤစကားကို ထောက်၍ သီတဥတုလွန်ကဲ၍ လောင်းကျွမ်းပုံကိုသိရာ ၏။ ဥဏှဥတုလောင်ကျွမ်းပုံမှာ ဗဟိဒ္ဓသန္တာန်၌ အလွန်ထင်ရှားသကဲ့သို့ အဇ္ဈတ္တသန္တာန်မှာလည်း အလွန်ထင်ရှားလှ၏။ ဗဟိဒ္ဓသန္တာန်၌ လဟုသဘောရှိသကဲ့သို့ အဇ္ဈတ္တသန္တာန်မှာလည်း လဟုသဘောရှိ၏။ ဗဟိဒ္ဓသန္တာန်၌ မီးလောင်ကျွမ်းခြင်းသည် အလွန်ပင်ထင်ရှား၏။ အလွန်ပင် ပေါ့ပါး၏။ အလွန်ပင်လျင်မြန်၏။ ထို့အတူ အဇ္ဈတ္တသန္တာန်၌ ဥဏှတေဇော လောင်ကျွမ်းသည်ရှိသော် လျင်လျင်မြန်မြန် တက်ကြွ၍ ပေါ့ပါးသော လဟုသဘောသို့ရောက်ပြီး သေကြေပျက်စီးကြရကုန်၏။ သီတတေဇောလောင်ကြွမ်းခြင်းမှာ သူနာ၏ဂရုသဘောသို့ရောက်ခြင်း ဥဏှတေဇောလောင်ကြွမ်းခြင်းမှာ သူနာ၏လဟုသဘောသို့ရောက်ခြင်း အားဖြင့် အချင်းချင်း ထူးခြားကြ၏။

Comments

Popular posts from this blog

မဟာဇာတိဝင်္ဂ

သီတတေဇောစာ