ပကတိအာဟာရ ဝိကတိအာဟာရ

ပြဆိုပြီးသော ကဗဠီကာဟာရသည် ပကတိအာဟာရ ဝိကတိအာဟာရ ဟူ၍၂ပါးရှိ၏။ထိုတွင် တိုင်းစွန် ပြည်စ ပစ္စန္တရစ်အရပ်သားတို့၏ အမြဲ စားသောက်နေကျဖြစ်သော ကြမ်းတန်းသောအာဟာရသည် ထိုသူတို့၏ ပကတိအာဟာရမည်၏။ ပစ္စည်းချမ်းသာသော သူဋ္ဌေးသူကြွယ် ရွာစား မြို့စား အမတ်မင်းစသောသူတို့၏ အမြဲ စားသောက်နေကျဖြစ်သော ဆီဦး ထောပတ် နို့အမျိုးမျိုး မုံ့အမျိုးမျိုးအစရှိသော နူးညံ့သိမ်မွေ့သော အစာအာဟာရသည် ထိသူတို့၏ ပကတိအာဟာရမည်၏။ ပစ္စန္တရစ်သားတို့သည် သူဋ္ဌေးသူကြွယ်စသောသူတို့၏ အမြဲစားသောက်နေကျဖြစ်သော ဆီဦးထောပတ်စသောသိမ်မွေ့နူးညံ့ သော အစာအာဟာရတို့ကို တစ်ခါတစ်ရံ စားသောက်မိကြသည်ရှိသော် ထိုပစ္စန္တရစ်သားတို့၏ ပါစကဓာတ်မီးသည် ကြမ်းတန်းသော အစာကို ချက်နေကျဖြစ်၍ နူးညံ့သော အစာကို မချက်နိုင်သောကြောင့် ယေဘူယျ အားဖြင့် အစာမကြေဘဲ ရောဂါရတတ်ကြကုန်၏။ သူဋ္ဌေးသူကြွယ်စသောမြို့ကြီးသားတို့သည်လည်း မိမိတို့စားနေကျမဟုတ်သော ပစ္စန္တရစ်သားတို့၏ စားနေကျဖြစ်သော လူး ထမင်းစသော ကြမ်းတန်းသော အစာကို စားမိကြသည်ရှိသော် သိမ်မွေ့ နူးညံ့သောအစာအာဟာရကို ချက်နေကျဖြစ်သော ထိုသူဋ္ဌေးစသောသူ တို့၏ ပါစကဓာတ်မီးသည် ကြမ်းတန်းသော အစာအာဟာရကို မချက်နိုင် သောကြောင့် ယေဘုယျအားဖြင့် ရောဂါရတတ်ကြကုန်၏။ ထို့ကြောင့် ပစ္စန္တရစ်သားတို့၏ အစာအာဟာရသည် သူဌေးသူကြွယ်စ သော သူတို့အား ရောဂါကို ဖြစ်စေတတ်သောကြောင့် ဖေါက်ပြန်သော သဘောရှိ၍ ဝိကတိအာဟာရမည်၏။ သူဋ္ဌေးသူကြွယ်စသောသူတို့၏ အစာအာဟာရသည်လည်း ပစ္စန္တရစ်သားတို့အား ရောဂါကိုဖြစ်စေတတ် သောကြောင့် ဖေါက်ပြန်သောသဘောရှိ၍ ဝိကတိအာဟာရမည်၏။ ဤကား အာဟာရ၏ ကြမ်းတန်းမှု နူးညံ့မှုကြောင့် ပကတိအာဟာရ ဝိကတိအာဟာရ၂ပါးကွဲပြားပုံတည်း။ အာဟာရ၏အေးမှုပူမှုကြောင့် လည်း ပကတိအာဟာရဝိကတိအာဟာရဖြစ်သင့်သေး၏။ ဖြစ်ပုံမှာ အအေးစာသည် ထိုအစာကို များစွာစားသောသူတို့၏ ပကတိ အာဟာအာဟာရမည်၏။ အပူစာကိုများစွာစားသောသူတို့၏ ဝိကတိ အာဟာရမည်၏။ အပူစာသည်လည်း ထိုအစာကို များစွာစားသောသူ တို့၏ ပကတိအာဟာရမည်၏။အအေးစာကို များစွာစားသောသူတို့၏ ဝိကတိအာဟာရမည်၏။ ထို့ကြောင့် အအေးစာသည် အပူစာကို များစွာ စားသောသူတို့အား ရောဂါကို ဖြစ်စေတတ်၏။ အပူစာသည်လည်း အအေးစာကိုများစွာစားသောသူတို့အား ရောဂါကိုဖြစ်စေတတ်၏။ ထို့ကြောင့် ဆေးဆရာတို့သည် ထိုပကတိအာဟာရ ဝိကတိအာဟာရ ကိုနှလုံးသွင်းလျက် သူနာတို့အား စားမြဲတိုင်းသော ပကတိအာဟာရကို သိပြီးမှ ဆေးဓာတ်စာကို ပေးသင့်ရာ၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ